လုပ်ငန်းခွင်အတွင်းက စီနီယာ ဂျူနီယာ

လုပ်ငန်းခွင်အတွင်းက စီနီယာ ဂျူနီယာ
02, January 2017
Total View : 8252

လုပ်ငန်းခွင်အတွင်းက စီနီယာ၊ ဂျူနီ ယာဆက်ဆံရေးအကြောင်းပြောပါဆိုလျှင် တော်တော်များများက ကိုယ့်ရဲ့စီနီယာ အကြောင်း၊ ကိုယ့်ရဲ့ဂျူနီယာအကြောင်း မကျေနပ်ချက်ကလေးတွေထွက်လာလေ့ရှိ ပါတယ်။ ဂျူနီယာတွေဘက်ကကြည့်ပြန် တော့လည်း လုပ်ငန်းခွင်ကိုရောက်လာတဲ့ ဝန်ထမ်းအသစ်ကို လက်တွဲမခေါ်ချင်ဘဲ ပညာပြလေ့ရှိတယ်ဆိုတာမျိုးပြောကြသလို၊ စီနီယာတွေကဘက်ကကျပြန်တော့လည်း ဂျူနီယာတွေက ကိုယ့်ထက်စီနီယာကျတဲ့ သူတွေအပေါ် အချင်းချင်းလေးစားမှုအား နည်းတယ်ဆိုတာမျိုးတွေက စီနီယာ၊ ဂျူနီယာကြားမှာ အမြဲလိုလိုကြားနေရတတ်တဲ့ စကားတွေပဲဖြစ်ပါတယ်။ 

လုပ်ငန်းခွင်တိုင်းမှာ အချင်းချင်းမ သင့်မြတ်ကြတဲ့စီနီယာဂျူနီယာတွေရှိသလိုပဲ အချင်းချင်းညီညီညွတ်ညွတ်ချစ်ချစ်ခင်ခင် ရှိကြတဲ့ စီနီယာ ဂျူနီယာတွေလည်းရှိပါ သေးတယ်။ တကယ်တော့လူတစ်ဦးချင်းစီ ရဲ့စိတ်ထားနဲ့လည်းသက်ဆိုင်နေပါသေးတယ်။ စီနီယာကလည်း စီနီယာပီသတဲ့စိတ်ဓာတ် မျိုးရှိမယ်၊ ဂျူနီယာကလည်း ဂျူနီယာတစ် ယောက်မှာရှိရမယ့်ကျင့်ဝတ်တွေပြည့်စုံမယ် ဆိုလျှင် တစ်ဦးနဲ့တစ်ဦးရန်သူလိုဖြစ်စရာ ဘာအကြောင်းမှ မရှိနိုင်ပါဘူး။ စီနီယာ၊ ဂျူနီယာဆိုတာနဲ့ ရန်သူသဖွယ်သဘော ထားလိုက်တာက မှားယွင်းတဲ့ခံယူချက်ပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်း ကိုယ်က စီနီယာပဲဖြစ်စေ၊ ဂျူနီယာဖြစ်စေ ဖြစ်နေခဲ့မယ်ဆိုလျှင် ကိုယ့်ရဲ့စီနီယာ၊ ဂျူနီ ယာနဲ့အမြဲတမ်းအဆင်ပြေပြေဆက်ဆံသွား နိုင်ဖို့အတွက် တင်ပြပေးချင်ပါတယ်။

စီနီယာဆိုတာ တစ်ချိန်တုန်းက ဂျူနီယာဆိုတာ မမေ့စေချင်

လုပ်ငန်းခွင်အတွင်းမှာ စီနီယာတွေ အနေနဲ့လည်း ဒီအချက်လေးကိုမမေ့ဖို့လို ပါတယ်။ ဟုတ်ပါတယ်။ စီနီယာဆိုတာ တစ်ချိန်တုန်းက ဂျူနီယာပါ။ ဒီအချက် လေးကိုအမြဲအောက်မေ့သတိရပြီး အသစ် ဝင်လာတဲ့ ဂျူနီယာလေးတွေကို လက်တွဲ ခေါ်ပါ။ သင်ကြားပြသပေးစရာပညာရပ် တွေကိုလည်း မျှဝေပေးပါ၊ ဖေးမပါ၊ ကူညီ ပါ။ အခုဝင်ရောက်လာတဲ့ ဝန်ထမ်းအသစ် ဖြစ်တဲ့ ဂျူနီယာကလည်း တစ်ချိန်မှာ စီနီ ယာဘဝရောက်ရဦးမှာပါ။ အဲဒီအခါမှာ သူ ကြုံတွေ့ခဲ့ရတဲ့ စိတ်သဘောထားပြည့်ဝတဲ့ စီနီယာလိုစိတ်ဓာတ်မျိုးနဲ့ တခြားဂျူနီယာ လေးတွေကို လက်ဆင့်ကမ်းပြန်လည်မျှ ဝေပေးပါလိမ့်မယ်။

စီနီယာတွေကိုယ်တိုင်ကလည်း ဂျူနီယာဆိုတာကိုယ့်ရဲ့နေရာကို လုမယ့်သူ၊ ကိုယ့်ရဲ့အခွင့်အရေးကိုလုယူမယ့်သူလို့ ဘယ်တော့မှ သဘောမထားပါနဲ့။ ဘယ်သူ ကမှလည်း ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ နေရာကိုလုမယူနိုင်ပါဘူး။ နေရာဆိုတာ ကလည်း တစ်နေရာတည်းရှိတာမဟုတ် ပါဘူး။ ကိုယ်နဲ့သင့်တော်ရာနေရာတစ်ခုခု ကတော့ ကိုယ့်အတွက်အမြဲတမ်းအဆင် သင့်ရှိနေဦးမှာပါ။ ဒီတော့ကိုယ့်ရဲ့ဂျူနီယာ တွေအပေါ်မှာ လက်တွဲခေါ်ယူပါ။ သိသမျှ မျှဝေပေးပါ၊ ရိုင်းပင်းကူညီပါ။ ဒီအချက်က စီနီယာတွေအပေါ်ထားတဲ့ ဂျူနီယာတွေရဲ့ စိတ် ထားပြောင်းလဲသွားစေနိုင်တဲ့အချက် တစ်ခုပဲဖြစ်ပါတယ်။

နှစ်ဦးနှစ်ဖက် အပြန်အလှန်လေးစားမှုကအဓိကကျ

ဒီအချက်ကလည်း စီနီယာ ဂျူနီယာ ဆက်ဆံရေးအတွက်အဓိကလိုအပ်တဲ့ အချက်တစ်ခုဖြစ်တယ်ဆိုလျှင်မမှားပါဘူး။ စီနီယာကလည်း စီနီယာအလျောက်၊ ဂျူနီယာကလည်း ဂျူနီယာအလျောက် တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေးစားပါမှ ရေရှည်မှာအဆင်ပြေနိုင်မှာပါ။ စီနီယာ သမားကလည်း နောက်ဝင်လာတဲ့ဂျူနီယာ ဆိုတာ ကိုယ့်အတွက်ခိုင်းဖက်ဖြစ်တယ်၊ စဝင်လာကတည်းက ကိုယ့်အကြောင်းသိ အောင်တော့ ပညာလေးပြထားမှရမယ်ဆို တာမျိုးမလုပ်သင့်သလို ဂျူနီယာသမား ကလည်း စီနီယာဘာလုပ်လုပ်အကောင်း မမြင်နိုင်ဘဲ ကိုယ့်ကိုဆရာကြီးလုပ်လွန်း တယ်၊ အပြစ်မြင်လွန်းတယ်ဆိုတဲ့သံသယ မျိုးမရှိသင့်ပါဘူး။ ဒါကအပြန်အလှန်လေး စားမှုကိုပျက်စီးစေနိုင်ပါတယ်။

တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လေး စားမှု၊ ယုံကြည်မှုမရှိလျှင် ရေရှည်မှာလုပ် ငန်းအတွက်ရော၊ ကာယကံရှင်တွေအ တွက်ပါ မကောင်းနိုင်ပါဘူး။

ဆိုရှယ်မီဒီယာပေါ်ကနေ တစ်ဦးနဲ့တစ်ဦးအပြန်အလှန်အပြစ်ဖို့တာမျိုး မလုပ်သင့်

တစ်ခါတစ်ရံ ဆိုရှယ်မီဒီယာကြောင့် လည်း တချို့ပြဿနာတွေက မီးလောင် ရာလေ့ပင့်သလိုဖြစ်တတ်ပါသေးတယ်။ ကိုယ်က လုပ်ငန်းခွင်ကလူတွေအားလုံးနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ သူငယ်ချင်းဖြစ်နေ မယ်ဆိုလျှင် ကိုယ့်ရဲ့ခံစားချက်၊ ကိုယ့်ရဲ့ မကျေနပ်ချက်တွေကို  ဆိုရှယ်မီဒီယာပေါ် မှာပေါက်ကွဲပစ်တာမျိုး ရှောင်ရပါလိမ့် မယ်။ ဒါကကိုယ့်အတွက်လည်းအကျိုးမရှိ နိုင်သလို တစ်ဖက်လူမြင်တဲ့အခါလည်း အကျိုးမရှိနိုင်ပါဘူး။ အကျိုးမရှိတဲ့အပြင် ရန်စတွေပိုများလာနိုင်ပါသေးတယ်။

တစ်ခါတစ်ရံကိုယ်က ဘယ်အလုပ် မှာလုပ်ကိုင်နေတယ်တို့၊ ဘယ်ရာထူးရှိ တယ်ဆိုတာမျိုးဖော်ပြထားတာမျိုးဆိုလျှင် ပိုတောင်သတိထားရပါလိမ့်မယ်။ ဘာပဲ လုပ်လုပ် ကုမ္ပဏီပုံရိပ်ကိုသက်ရောက်စေ နိုင်တာကိုး။ ကိုယ့်ရဲ့လုပ်ရပ်ကကောင်းတာ ဖြစ်စေ၊ မကောင်းတာဖြစ်စေဘာပဲဖြစ်ဖြစ် ကိုယ့်ကုမ္ပဏီရဲ့ပုံရိပ်ကိုသက်ရောက်မှာပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ရံကိုယ့်ရဲ့မကျေနပ် မှုတွေက တစ်စုံတစ်ဦးကိုရင်ဖွင့်ပြောပြလို့ မရတဲ့အခါမျိုးမှာ ဆိုရှယ်မီဒီယာပေါ်မှာ ရင်ဖွင့်တတ်ကြပါတယ်။ အဲဒီလိုရင်ဖွင့် လိုက်ရလျှင် ကိုယ့်ရင်ထဲက ခံစားရတာတွေ ပေါ့ပါးသွားသလိုခံစားလိုက်ရပါတယ်။ ဒါ ပေမဲ့ တစ်ဖက်ကပြန်ရလာနိုင်တဲ့ဆိုးကျိုး တွေကိုလည်းထည့်သွင်းစဉ်းစားရပါမယ်။ တစ်ခါတရံမှာအချင်းချင်းနားလည်မှုတစ် ခုကြောင့် ပြဿနာဖြစ်သွားရတယ်ဆိုလျှင် အချိန်တန်လျှင် ပြေလည်တန်ကောင်ပြေ လည်နိုင်ပါသေးတယ်။ ဒါပေမဲ့အဲဒီပြဿ နာက ဆိုရှယ်မီဒီယာပေါ်ရောက်သွားခဲ့ လျှင်တော့ ပြန်လည်ပြေလည်နိုင်စရာမရှိ တော့ပါဘူး။ အဘက်ဘက်ကတင်းမာသွား တဲ့အခြေအနေအထိရောက်ရှိသွားလို့ပါ။ ဒါကြောင့်မဖြစ်မနေ ဆိုရှယ်မီဒီယာပေါ် မှာရင်ဖွင့်ချင်တယ်ဆိုလျှင် ကိုယ်တင်လိုက် တဲ့စာတွေကို Only Me လုပ်တင်တာက အားလုံးအတွက် အသင့်တော်ဆုံးပါပဲ။ ကိုယ့်ရဲ့ဒေါသတွေ၊ မကျေနပ်ချက်တွေ အားလုံးကို Only Me လုပ်ပြီးပေါက်ကွဲ လိုက်ပါ။ ဒါက ဘယ်သူ့ကိုမှမထိခိုက်နိုင်တဲ့ လုပ်ရပ်တစ်ခုပါပဲ။ 

အနှစ်ချုပ်ဆိုရလျှင် လုပ်ငန်းခွင်ထဲမှာ ကိုယ်ကဂျူနီယာဖြစ်ခဲ့ဖူးသလို စီနီယာ လည်းဖြစ်နေဦးမှာပါပဲ။ ကိုယ်သာသူ့နေရာ မှာဆိုရင်လျှင်ဆိုတဲ့စိတ်ကလေးထားတတ် ဖို့ပါပဲ။ နောက်မှဝင်လာတဲ့ ကိုယ့်ရဲ့ဂျူနီ ယာကလေးတွေကိုလုပ်ငန်းသဘောသဘာ ဝရှင်းလင်းမျှဝေပေးဖို့လိုသလို ကိုယ့်ထက် စီနီယာကျတဲ့သူတွေအပေါ်မှာလည်း အတတ်နိုင်ဆုံးလေးလေးစားစားနဲ့ တိုင်ပင် နှီးနှောဖို့လည်းလိုပါတယ်။ 

စီနီယာတွေအနေနဲ့လည်း ကိုယ်သိ သမျှအလုပ်အတွေ့အကြုံတွေကိုပြန်လည် မျှဝေပေးဖို့ လက်မတွန့်စေချင်ပါဘူး။ ပညာအလင်းရောင်ဆိုတာ သူတစ်ပါးကို မျှဝေပေးလိုက်လို့ ကိုယ့်ဆီမှာလျှော့ကျ သွားမှာမဟုတ်ပါဘူး။ ဂျူနီယာတွေက ကိုယ့်နေရာကိုလုယူမယ့်သူတွေမဟုတ်ပါ ဘူး။ ဒီအတိုင်းပဲ စီနီယာဆိုတာကလည်း ဝင်လာသမျှဂျူနီယာတွေကိုအနိုင်ကျင့်ပြီး  ပညာလျှိုချင်တဲ့သူတွေမဟုတ်ကြောင်းပါ။

ကျော့ကေခိုင်